Friday, March 30, 2012

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ သက်ရှိထင်ရှားရှိနေစဉ်က ယခု ကွယ်လွန်ပြီးလေသူ အမတ်ကြီးကို ပန်းချီဆရာ စစ်ငြိမ်းအေး ဆွဲပေးခဲ့တဲ့ ပုံပါ။

Monday, November 30, 2009

အချိန်တန်ပြီ

သြော်…….. ခေတ်…. ခေတ်
ရက်စက်တဲ့နွားအိုတအုပ်နဲ့
အလိုပုပ်တဲ့ မနောအမှောင်ကြောင့်
တောတောင်တွေဂတုံးဖြစ်
ပြည်သူတွေ အသုံးခက်လို့
ဝါးလုံးတဆစ်တောင် မရနိုင်တော့ပေမဲ့
သူတို့ကတော့ အပြုံးမပျက်
ဘုန်းတက်နေကြသေးရဲ့……….


ဘာတဲ့…….
မြန်ပြည်တဝှမ်း သစ်တောစွမ်းဖြင့်
စိမ်းလန်းစေရမည် တဲ့
လှလိုက်တဲ့ စာစကား
ဒါပေမဲ့ အဝါအကြွားတွေနဲ့မို့
ကြားရတာ နားဝမှာမျိုမကျ
ခါးလှတာကို

အမျိုးကမြင်းတဲ့
သူခိုးမင်းတွေက
ကိုးနဝင်းခိုက်ရင်
အရိုးအရင်းတောင် ကိုက်တာမို့
အဖိုးမင်းရောင်ရဲ့ဒေသာမှာ
မြေဇာပင်တောင် ရှားလာပြီ

ဘယ့်နှယ်ဗျာ……..
ရိုးမအသွယ်သွယ်
တောင်အကြီးအငယ်က
မြင်သမျှသစ်ပင်ကို အကုန်ခုတ်လို့
ပြည့်သူ့ဘဏ္ဍာထုပ်ကိုခိုးရောင်း
မျိုးမကောင်းတဲ့ကောင်တွေ။

မဲကာမှောင်နေတဲ့
မဲဇာတောင်ခြေဟာ
အခု ကျဲကာကြောင်လို့
ပြဲကာပြောနေပြီ။

သူတို့မှာတော့
တိုက်တာအိမ်ကြီး
ရောင်စုံမီးနဲ့နေနိုင်ပေမဲ့
တောသူတောင်သား
ပြည်သူအများမှာတော့ဖြင့်
ကျူကပ်ကာ၊ ကျူကပ်မိုး
ကျူကပ်ခင်းလို့ မပြတ်ရုန်း
အဲဒီလို ကပ်သုံးပါးနဲ့
အငတ်ဆုံးသမားတွေပေါ့

တို့အညာမြေမှာ
လာလေသေးရဲ့….
“သစ်တပင်ခုတ် ထောင် (၃) နှစ်” တဲ့
ဒီလိုဆို ဗိုလ်ချုပ်ကြီးတွေကို ပြန်ကာပြောချင်တယ်
“သံသရာကြောမှာ ရှင်နေသမျှ
အသင်္ချေမက ထောင်ထဲဝင်နေရမှာက
ခင်ဗျားတို့ လူတစုပါဗျာ” လို့ပေါ့။

ဟိရိ၊ သြတပ္ပမရှိ
ဂရုဏာ နတ္ထိနဲ့
အမြတ်ရှိမယ်ဆိုရင်
ဘုရားလဲ မသိ
တရားလဲ မရှိနဲ့
အစားပဲ ကြည့်တဲ့ကောင်တွေ။

အမွေအနှစ်ကို ထိန်းသိမ်းရကောင်းမှန်းမသိလို့
တန်ဖိုးရှိတဲ့အရာတွေလဲ
တန်ကြေးဖြစ်ကုန်ရော။

နေ့စဉ်နဲ့အမျှ မဟုတ်မတော်ကြံ
စကားတွေကလဲ ပုပ်စော်နံ
ဇာတိသရုပ်ပေါ်အမှန်က
ဒို့တိုင်းပြည်နဲ့
အဟုတ် မလျော်ကန်လိုက်လေခြင်း………

တိုင်းပြည်ချစ်တဲ့သူတွေလဲ
သူပုန်ဖြစ်ကုန်တယ်
ပို့နှစ်ပို့မကြည့်ဘဲ
လောဘနဲ့ အတွေးချော်
အရေးပေါ်ရင် ဒွေးကျော်ပြီး
တရုတ်ကို ပထွေးတော်မဲ့ကောင်တွေ။

ပုံပြင်တပုဒ်လိုပေါ့……
တရုတ်က ရုက္ခစိုးလုပ်
ဗိုလ်ချုပ်တွေက ဘိန်းစားမျိုး
ရုက္ခစိုး ဘိန်းစားနဲ့ပေါင်းတော့
မြင်း… ဘာလုပ်ခံရတယ်ဆိုလဲ……
အဲဒီလိုဖြစ်မယ်။

ကမ္ဘာ့ခေတ်ရေစီးကြောင်းကို
အကြံပက်စက်စွာ
ဆန်ဆက်ချင်ကြတဲ့
စိတ်ကူးဘောင်ဘင်နဲ့
ထောင်ဝင်ရမဲ့
သောင်တင် ဠင်းတတွေကို
ဗမာ့အသရေပျက်မှုမဲ့
ကြေညက်အောင် ထုထောင်းကြပါစို့။

လူထုအပေါ် အပြစ်တွေဖွဲ့ရင်း
နှစ်တွေချဲ့ချဲ့လို့ ဠင်းတကြီး အုပ်ချုပ်လာတာ
ကျက်သရေ ပဲ့လိုက်လေခြင်း……။

ဒီတော့…
ဘဝနွေ ဝေဒန သိမ်ပျောက်အောင်
ဠင်းတတွေ မြေခချိန်လဲရောက်ပြီမို့
ဗာလ တပွေ အခြေမလှ ဇိမ်လဲပျောက်လို့
အလှဝေ နေလ တိမ်ပေါက်အောင်ပါ့
ဗမာ့မြေ ရွှေမြ ထိမ်တောက်ချိန်တန်ပြီဟေ့……

မနေ့ကဆိုတာ အိမ်မက်
မနက်ဖန်ဆိုတာ စိတ်ကူးပေသမို့
ဒီနေ့ပဲ ထိပ်ဖူးမှာ ဆိပ်လူးမျှားတပ်လို့ဗျင်း
ခွင်းကြစို့ကွဲ့……..။

မုတ်သုန် (ယောရပ်ရွာ)

Monday, July 20, 2009

အမေဟာ အမေပါပဲ...

သြကာ၊ သတ္တ၊ သင်္ခါရခေါ်
သုံးဖော်လောက
ဝဲသြဃတွင်
အမြတ်ဆုံးပေလို့
မပြတ်အပြုံးတွေ ပေးတဲ့အရာကို
သာယာပီသ အဓိက အသွင်နဲ့
အလွှာတကာဆီမှ ကြည့်ကြရင်ဖြင့်
မာတာပီတ မိဘတွေပါ....


လောကသုံးပါး
ကထိကထားတဲ့
မိဘနှစ်ပါးမှာမှ
ဘယ်သူပိုမြတ်သလဲလို့
အမင်တကာ မလိုအပ်ဘဲ
ပညာအချိုသတ်မေးရင်
စေတနာ မခိုကပ်ရေးအတွက်
အကြင်နာကို မပြတ်ပေးတဲ့
အမေဟာ ပိုမြတ်သေးပါတယ်.......

အကြောင်းအကျိုးတွေမတော်
အကောင်းအဆိုးတွေ မလျော်
ဆောင်း၊ မိုး၊ နွေကျော်လို့
အဖေခေါ်စရာမရှိတဲ့ ရင်သွေးကို
အမေ အဖော်မပါရှေ့ဆောင်
ဒေါ်လာ တစေ့တောင်မရှိပေမဲ့
ပျော်စရာဖြစ်အောင် ဖန်တီးနိုင်ခဲ့တာ
အမေ့ရင်မှ
မမြင်ရတဲ့ အား တွေကြောင့်ပါ.....

စာတလုံးမှ မတတ်ပေမဲ့
တရွာလုံးပတ်လို့ အလေးချီမ
အတွေးပန်းချီလှနဲ့
ကလေး အလီလီရနေတဲ့
ဈေးသည်မ အမေလဲ အမေပါပဲ......။

တိုက်တာအိမ်ကြီး
ရောင်စုံမီးနဲ့ ထားပါမှ
အမေမဟုတ်ပါဘူး

အသိုင်းအ၀ိုင်းက ကတိပျက်ပယ်
မကြည့်မျက်ကွယ်နဲ့
မရှိ ပစ်ပယ်လိုက်ပေမဲ့
ဓနိသက်ကယ်မိုးလို့ လောကကို ရင်ဆိုင်
ဖင်မနိုင်သေးတဲ့ မနောလှ သားငယ်ကို
လောကအလယ် ခုန်ပျံတက်နိုင်စေဖို့
ပုံစံခွက်နဲ့ ဥပဒေတွေ ပေးနိုင်တဲ့ အမေလဲ အမေပါပဲ.......။

ဒွိသံသရာနွေမှာ
အမိကံကျမ္မာခေတဲ့
ပြည့်တန်ဆာ အမေလဲ အမေပါပဲ......။

အဲဒီအမေတွေထဲက
ဘယ်လို အမေမျိုးပဲဖြစ်ဖြစ်
အမေဟာ အမေမို့
ထာဝရလေးစားလို့
ဂါရ၀ ပေးထားကြပါစို့လား မိတ်ဆွေ။

မုတ်သုန် (ယောရပ်ရွာ)
၁၃. ၀၃. ၂၀၀၅

အိပ်မက်ဆိုး

ထမင်းစားဖို့ရှင်သန်
ရှင်သန်ဖို့ ထမင်းစား
လုံးပါး ပါးခဲ့တဲ့ အနဂ္ဂဘ၀တွေ
အမိမြေမှာ ပေ၊ တေ၊ ကျွေ........။

ယိုင်နဲ့နဲ့ ပညာရေးအခြေအနေမှ
သိနေရ ဝေလေလေ ငါဘာတုန်း
အဆင်ပြေပြေ ဘာမှ မသုံးမကျ
ငါ အ “အ” လုံးဝ၊ လုံးဝပဲ။

အမိုက်ဆုံး အလုပ်ကိုလုပ်
ပြည်သူ့ ဘဏ္ဍာထုပ်ကိုခိုးရောင်း
မျိုးမကောင်းတဲ့ကောင်တွေကြောင့်
မှောင်နေတဲ့ ဇာတိမြေက
ဘဂ၀ါ အမိရေ......

တမော့မော့ သားကိုမျှော်မှန်း
အမေလွမ်းနေရော့ပေါ့.....
အမေ့ကို တမ်းက
အမေနမ်းနေကျ ကျနော့်ပါး
အခုများတော့......
နွေခေါင်ခေါင် ရပ်ခြားခရီးလမ်းမှာ
နေလောင်ဆပ်သွားသီးလိုကြမ်း
ဘယ်သူ နမ်းဦးမလဲ........။

ဘုံလုံတလှည့် ငါးပျံတလှည့်
ဒုက္ခနဲ့ နားပမ်းလုံး
အရှုံးများပေမဲ့
အမုန်းမပွားခဲ့...။

ယောင်ချာချာနဲ့
ညောင်နာနာ ငါတို့ဟာ
အမှောင်ကမ္ဘာမှာ
မရှောင်သာ ဘုန်းကံနဲတော့
ရုန်းကန်မြဲ နေ့ဆက်
မေ့ပစ်ဖို့ခက်........။

မုတ်သုန် (ယောရပ်ရွာ)

ငဘတို့ရွာ

ငဘတို့ရွာဌာနေ
လာပါလေ သူငယ်ချင်း
အပူရယ်ကင်းစေပါ့ ခင်းတောင်ယာ။

တို့များအဖို့ များမကြာ မကြာရောက်
အသွားအလာ တလျှောက်
အဖျားအနာမကြောက်ဘဲ
ဝါးအကာခမောက်ကိုဆောင်းကာ
နွားပြာပေါက်ကိုကျောင်း။


ဖဝါးခြေရာ တကိုက်ရယ်နဲ့
သွားလေရာ တဝိုက်မှာလ
များဆွေတကာ တသိုက်အတွက်
ဖား၊ မြွေရှာ ရိုက်။

ညနေစောင်းရင်လေ
ပင်ကျရေ ပူရှိန်းရှိန်းက
လူဗြိန်းအူရိုင်းတလျှောက်
အပူလှိုင်းဖောက်သလို ကြောင်း…..ခနဲ
ဇောင်းခွဲလို့ဝင်သလေ……..။

အပင်ပေါ် ငြမ်းအထက်မှာလ
ထန်းလက်က ခိုင်ခိုင်
မျက်နှာချင်းဆိုင်၊ ကားလားခွထိုင်
ယိုင်လို့တော့ မလှည့်လိုက်နဲ့ဦးကွယ်
ကိုက်သုံးဆယ် မြင့်သဟ
မင့်ဘဝ ဇာတာချုပ်လို့
မရဏရုပ်ပေါ်သွားမယ်ကွဲ့။

ငှဲ့… ငှဲ့… သောက်ကိုယ့်လူ
နောက်တမြူ အရံသင့်
ကျန်နှင့်သေးသပါ့။

မြိုင်အဆွယ် ခုံတောင်တန်းဆီက
ယုန်ထောင်ကာ ဖမ်းပါလို့
ပုံဆောင်နန်း ငြမ်းရှည်ကြီးပေါ်မှာလ
ထန်းရည်နဲ့မြည်း။

သောက်လို့သာမြူး
မှောက်လို့သာ မူးပေမဲ့
ဂေါက်လို့တာ မရူးစေနဲ့ကွဲ့။

သူရာဧက တခွက်သောက်က
သူရ ရဲရင့်၊ ပွဲလယ်တင့်… တဲ့။
သူရာ ဒွိကော၊ နှစ်ခွက်လောင်းက
မိတ်ကောင်းသင်္ဂဟ၊ အမှန်ရ၏… တဲ့။
သူရာ တြိကော၊ သုံးခွက်လွေးက
ခွေးသို့ ဝုတ်.. ဝုတ်…၊ ဟောင်ရသရုပ်…တဲ့။

ဒါကြောင့်
သုံးခွက်မရောက်
နှစ်ခွက်လောက်နဲ့ ရောင့်ရဲဖို့
ကဲ… ကိုယ့်လူရေ
တို့… မြူအလိုက် မော့ကြစို့ကွယ်………။

မုတ်သုန် (ယောရပ်ရွာ)
၂၁/၀၇/၀၉

Sunday, July 5, 2009

တောနှင်းဆီသို့ တမ်းချင်း

မိုးတိမ်တွေ ညိုညို
ပြိုဆင်းတော့မလိုနဲ့
အတွေးရယ် ပို…….။

ရွာမယောင် ဟန်ရေးပြ
ဂျိမ်း ခနဲ မာန်လေးကြွလို့
အတွေးလှလှနဲ့
ငေးအနေတဲ့ငါ စက်ကွင်းတော့ မိလိုက်တယ်………
(အတွေး တခု…..သိကြားမင်းမှာ ဘယ်ကများ လျှပ်စစ်စွမ်းအားတွေ ရပါလိမ့်… ဒါနဲ့များ သူတည်ခဲ့တဲ့ ကျိုက်ထီးရိုးဘုရားက မှောင်နေရသေးတယ်။)

ဒီမိုးတွေကျရင်လဲ
ငါ့ရွာက လည်ကွင်းပြင်ကြီးကို လွမ်းမိပြန်တယ်……
မိုးတွေက တအောင်းအောင်းပေမဲ့
ထီးဆောင်းတဲ့လယ်သမားလို့ မရှိပါဘူး။
နှာစေး၊ ချောင်းဆိုး
အဖျားအမျိုးမျိုး
ဆနွင်းနဲ့ ကျပ်ခိုးရောသောက်
ဥုံဖွ…….ပျောက်။

ရွာအ၀င်စခန်း
တမာပင်တန်းမှာ
ညနေပန်းနဲ့
ကောက်စိုက်သူမ အပြန်လမ်းက
ငမ်းရတာလဲ အရသာတမျိုး။

ရေစိုထမီ ပိုးသည်ဖတ်သည်နဲ့
ပျိုးဖတ်ကိုပွေ့ယူ
နေပူပူ၊ မိုးရွာရွာ
လယ်ကွင်းထဲမှာ တရက်လုံး
အပြုံးတောင်မပျက်ဘူး။

သူ့ခမျာ…..
သဲကွဲစားလက်နဲ့
ထမင်းပူတောင် မကိုင်နိုင်တဲ့ လုံမ
ဂုဏ်ဓနငွေထက်
အသရေကို မြတ်နိုးတယ်တဲ့……။

ကော်ဖီတခွက်၊ နို့တစက်မရှိပေမဲ့
သူတို့အတွက်တော့ စိတ်မှာတ
ဣိစ္ဆာသယ လယ်ကွင်းပြင်ရှိတယ်.....။

ချစ်စရာ့အညာမြေက ဌာနေရေ….
အခြေသင့်သင့်
နေခွင့်မရတော့ပေမဲ့
ရင်နင့်အောင်လွမ်းလို့
တမ်းတနေတဲ့အကြောင်း
ဒီမိုးတွေက ပြောပြပါလိမ့်မယ်ကွယ်…….။

ပဋိဇီဝ မိုးစက်တွေဖြန်း
လောကတ၀ှမ်း
သောက ခမ်းနိုင်ပါစေ……။
မုတ်သုန် (ယောရပ်ရွာ) ၀၆.၀၇.၀၈

Thursday, September 4, 2008

Saturday, August 16, 2008

ခရီးနဲ့ ဘီး

အနီရောင် သန်းတဲ့လမ်း
ဖန်ဆွတ်ရေ သင်္ကန်း
ပုဆိုး လွယ်အိတ်မြန်း။

ခရီးရောက်မဆိုက်
ဘီးပေါက်လိုက်
ညှောင့်ဆူးတွေနဲ့တိုက်
တယ်လဲ မိုက်တဲ့ စရိုက်။

မုတ်သုန် (ယောရပ်ရွာ)

ငါတို့ (၀ါ) ရွက်ကျပင်

ဖိနှိပ်သူလက်အောက်မှာ
ဒူးမထောက်တာ ငါတို့စိတ်ဟေ့......။

တရွက်ကြွေမြေခပေမဲ့
အသစ်တွေ ဝေလှနေဦးမယ်။

အခက်တွေဟောင်းပေမဲ့
မြစ်တွေ ကောင်းနေသေးတယ်။

အရွက်ပြုတ်ကာ ကြွေကျပေမဲ့
အသစ်လုပ်ကာ ဝေလှနေဦးမယ်။

ငါတို့တွေက ဖြေမတွေးဘဲ
မြေမတွေးရှင်နိုင်တယ်ဟေ့............။